ဒီဇာတ်ကားကတော့ Live-Action, Musical, Fantasy နဲ့ Adventure အမျိုးအစား Disney ရဲ့ နာမည်ကျော် မိသားစု ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Thomas Kail က ရိုက်ကူးတင်ဆက်ထားပြီး အဓိက သရုပ်ဆောင်တွေအဖြစ် မင်းသမီးသစ်လေး Catherine Laga'aia က Moana နေရာမှာ သရုပ်ဆောင်ထားသလို၊ မူရင်း အန်နီမေးရှင်းမှာ အသံပါဝင်ခဲ့တဲ့ ဟောလိဝုဒ်စတား Dwayne Johnson ကလည်း Demigod Maui နေရာကနေ ကိုယ်တိုင် ပြန်လည် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် John Tui, Frankie Adams နဲ့ Rena Owen တို့လည်း အားဖြည့် ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းကတော့ အောင်မြင်ခဲ့တဲ့ အန်နီမေးရှင်းကို Live-Action အနေနဲ့ ပြန်လည်အသက်သွင်းထားတာပါ။ သမုဒ္ဒရာကြီးရဲ့ ရွေးချယ်တာကို ခံရတဲ့ ကျွန်းသူလေး Moana ဟာ သူ့ရဲ့ ကျွန်းသူကျွန်းသားတွေ ဒုက္ခရောက်နေတာကို ကယ်တင်ဖို့အတွက် Motunui ကျွန်းလေးကနေ အဝေးကြီးကို ရဲရဲဝံ့ဝံ့ စတင်ထွက်ခွာလာပါတယ်။ ခရီးစဉ်တစ်လျှောက်မှာ လေနဲ့ ပင်လယ်ပြင်ကို စိုးမိုးတဲ့ သွေးနှောနတ်ဘုရား ဖြစ်သူ Maui နဲ့ ဆုံတွေ့ပြီးနောက် Te Fiti ရဲ့ နှလုံးသားကို ပြန်လည်ပေးအပ်ဖို့ သမုဒ္ဒရာပြင်ကျယ်ကြီးထဲက အန္တရာယ်ပေါင်းစုံကို အတူတကွ ရင်ဆိုင်ဖြတ်သန်းကြရမယ့် စွန့်စားခန်း ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ မူရင်းဇာတ်လမ်းရဲ့ ရင်ခုန်စရာ သီချင်းတွေ၊ ရိုးရာဓလေ့တွေနဲ့ လှပတဲ့ သမုဒ္ဒရာ နောက်ခံအလှအပတွေကို ရုပ်ထွက်အလန်းစားတွေနဲ့ သေသပ်စွာ ပေါင်းစပ်ပြီး အမြင်အာရုံကို ဖမ်းစားနိုင်တဲ့ Live-Action အဖြစ် တင်ဆက်ထားတာပါ။ ဇာတ်ကောင်စရိုက်နဲ့ လိုက်ဖက်တဲ့ မင်းသမီးသစ် Catherine ရဲ့ သရုပ်ဆောင်ချက်တွေရော Dwayne Johnson ရဲ့ အသက်ဝင်လှတဲ့ ကာရိုက်တာတွေကြောင့်ပါ Disney ပရိသတ်တွေနဲ့ မိသားစုလိုက် ရယ်မောပျော်ရွှင်စွာ ခံစားကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။