၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက မီလော်ဆိုတဲ့ စကားမပြောနိုင်တဲ့ မိခင်တစ်ယောက်ဟာ သမီးဖြစ်သူ ပူတေး၊ သားဖြစ်တဲ့ဟီတန်တို့နဲ့အတူလူသူမနီးတဲ့နေရာတစ်ခုမှာ အေးအေးချမ်းချမ်းနေထိုင်နေတာပါ။ သူ့မိခင်ကွယ်လွန်ချိန်မှာ ရိုးရာယုံကြည်မှုအရ မိသားစုအစဉ်အဆက်လက်ခံထားရတဲ့နတ်ဆိုးတစ်ကောင်ကိုလက်လွှဲဆက်ခံခဲ့ရပါတယ်။ အစပိုင်းမှာနတ်ဆိုးဟာ မိသားစုကိုကာကွယ်တဲ့အသွင်ကိုဆောင်ထားပေမယ့် နောက်ပိုင်းမှာတော့ သူ့သရုပ်မှန်ဟာ တစ်ဖြည်းဖြည်းပေါ်လွင်လာပါတော့တယ်။ အဲ့ဒီနတ်ဆိုးဟာ မီလော်ရဲ့ ရုပ်သွင်အစစ်အမှန်အပြင် ဇနီးနှင့်မိခင်ဆိုသည့်နေရာတွေကိုပါတစ်ဖြည်းဖြည်းချင်းလုယူပြီး သူ့ဘ၀တစ်ခုလုံးကိုစိုးမိုးဝါးမြိုဖို့ကြိုးစားလာချိန်မှာတော့ မီလော်တစ်ယောက် သူတန်ဖိုးထားတဲ့အရာတွေကိုကာကွယ်ဖို့ဖြစ်တဲ့နည်းနဲ့ကြိုးစားရပါတော့တယ်။ Khadam ဟာ မလေးရှားရိုးရာအစွဲအလမ်းတွေကိုအခြေခံထားပြီး ပုံမှန် Mainstream ကားတွေမှာပါနေကျအပေါစား Jump scare တွေကိုအားမကိုးပဲဇာတ်လမ်းရဲ့အငွေ့အသက်၊ ပတ်ဝန်းကျင်အနေအထားတွေက တစ်ဆင့်ကျောစိမ့်လာရတဲ့ ခံစားချက်ကိုရလာအောင် တည်ဆောက်ပြထားတာဖြစ်ပါတယ်။ ဟော်ရာဇာတ်ကားဆိုပေမယ့်ကြားထဲမှာ ဟာသကွက်ပေါ့ပေါ့ပါးပါးလေးတွေညှပ်ထည့်ထားပြီးပရိသတ်သတိလွတ်ချိန်မှာကြောက်စရာကောင်းတဲ့အခြေအနေကိုရုတ်တရက်ကူးပြောင်းပြသွားတဲ့ ဇာတ်ကွက်တွေကလည်း ထိရောက်လှပါတယ်။ ဟော်ရာပရိသတ်တွေလက်မလွတ်သင့်တဲ့ အနုပညာမြောက် ဇာတ်ကားမျိုးဖြစ်ပါတယ်။